NYP မြန်မာ သင်္ကြန်စာ (သက္ကရာဇ်၁၃၆၈)
မြန်မာသက္ကရာဇ် - ၁၃၆၈ ခုနှစ်၊ တန်ခူးလ အချိန်အခါဝယ်..ကောင်းကင် နေပြည်တော်မှ အဘသိကြားမင်းသည် တိရစ္ဆာန် ညှင်းပန်းနှိပ်စက် ဥပဒေအရ ခွေးသရေ ရှာမရသောကြောင့် Laptop ကြီး ချိုင်းကြားညှပ်ကာ MRT စီး၍ Singapore သို့ဆင်းလာမည်။ အမှတ်တရ သိမ်းထားလိုပါက….
NYP သင်္ကြန်အတွက် သင်္ကြန်စာ (ခေါ်)ခုနှစ် ရက်သားသမီးများ အတွက် ဟောစာတမ်းအား နေ၊ လ၊ ကြယ်၊ နက္ခတ် အစုံအလင်အချိန်၌ SINGAPORE ၏ကျဉ်းမြောင်းလှစွာ သော HDB Flat အတွင်း ဗေဒင်၊ စက္ကောမ၊ ဆယ့်နှစ်ကြိုး-ဆယ့်သုံးကြိုး၊ ဆေး၊ အင်း အစရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ Engineer များ အားလုံးရဲ့ အကူအညီနှင့် လူမရှိတုံးမပြီး မှာစိုး၍ မရှိမဲ့မရှိတဲ့ အချိန်နာရီ ပေါင်းမြောက်မြားစွာ ပေးဆပ်ကာ တစ်နာရီအတွင်း Last Minutes Project ကဲ့သို့ ခုနှစ်ရက် သားသမီးများ အတွက် အရှေ့ဖြစ် နောက်ဖြစ်များ၊ အခုဖြစ် တော်ကြာဖြစ်များ ကို ထင်သလို၊ မြင်သလို မဟုတ်ပဲ အတွက်အချက် Calculus တွေနဲ့ ဒီလို တစ်နေ့ချင်းစီရဲ့ အကောင်း အဆိုး အကြောင်း အမျိုးမျိုးကို အားမနာ လျှာမကျိုး ပိုးဆိုးပက်စက် ရေးရင်းနဲ့ ဒီလို သင်္ကြန်စာလေး ထွက်လာသတဲ့။ ။
တနင်္ဂနွေ (အ၊ ဧ၊ ဥ)
လက်ရှိအခြေအနေ ။ ။ သတင်းကောင်းကြားရမည်။ ဆေးရုံရောက်ကိန်းရှိသည်(သားဖွားဆေးရုံ)။ အင်္ဂုလိမာလသုတ်ကျက်ထားပါ။ ဥပါ လျှင် သား၊ ဥမပါ လျှင် သမီး ဟု မှတ်ပါ။
စီးပွားရေး ။ ။ ဂဋ္ဌုန်မင်းတို့အဖို့ အေးအေးချမ်းချမ်း နေရသော ကာလများဖြစ်သည်။ အိမ်ပေါင်ခြင်း၊ အီးအီး သဘာဝ မြေသြဇာရောင်းခြင်း၊ အဟောင်းရောင်းခြင်း စသည့်လုပ်ငန်းများနှင့် မအားမလပ် ဖြစ်နေသည်။
ပညာရေး ။ ။ အီးထွက်အောင် ကြီုးစားနိုင်ပါမှ အောင်မြင်မှုရရှိနိုင်မည်။ အီသီယိုးပီးယား၊ ဥရုဂွေး၊ အီရတ် စသည့်နိုင်ငံများသို့ ပညာတော်သင် သွားရကိန်းရှိသည်။ Interchange ၌ အိမ်သာဆေးခြင်း၊ အလောင်းအလှပြင်ခြင်း စသော ဘာသာရပ်များ သင်ကြားရကိန်းရှိသည်။
အချစ်ရေး ။ ။ ချစ်သူမရှိသေးသူများ အိုမင်းရွှတ်တွနေသူများနှင့် ဖူးစာဆုံတတ်သည်။ အီးမှန်ထားသော မျက်နှာမျိုးရှိသူနှင့် အိမ်ထောင်ကျတတ်သည်။
ကျန်းမာရေး ။ ။ အက်ဆစ်လောင်ခြင်း၊ အေအိုင်ဒီအက်စ်၊ အိမ်သာပိခြင်း၊ အန်ဖက်ဆို့ခြင်း၊ အသံမထွက်ခြင်း၊ အိပ်ရေးမ၀ခြင်း။ ဝေဒနာများကို အပြင်းအထန် ခံစားရတတ်သည်။ အဆိပ်ကို အားပါးတရ သောက်၍ထိုဝေဒနာကို ကာကွယ်ပါ။
ယတြာ ။ ။ အိုစမာဘင်လာဒင်၏ သမီးနှင့် အိမ်သာအတူတက်၍ အီးအီးပါရင်း အချစ်အကြောင်း အားရပါးရဆွေးနွေးပါ။ ပြီးလျှင် Ang Mo Kio ၌ အရက်ဝယ်၍ အောင်ရေအဖြစ် သောက်ကာ အားရသည်နှင် “အောင်ပြီ…အောင်ပြီ” ဟု အားအားယားယား အာခေါင်ခြစ်၍အော်ပါ။ အောင်မြင်မှုများ အချိန်မနှောင်းမှီ အရှေ့  ရောက်လာမည်။
တနင်္လာ (က၊ ခ၊ ဂ၊ ဃ၊ င)
လက်ရှိအခြေအနေ ။ ။ တနင်္လာနံ အဖိုးတန်ပစ္စည်းများ ဖြစ်သော မော်တော်ကား၊ ကုန်တင်ကား၊ ဆိုင်ကယ်များ ၀င်လာတတ်သည်။ လမ်းလျှောက်စဉ် ၀င်လာတတ်သဖြင့် ရှောင်ကြဉ်ပါ။ လမ်းလျှောက်လျှင် ခေါင်းငုံ့၍ မလျှောက်လေနှင့် ကုလားမနှင့် ကြောက်ခမန်းလိလိ ၀င်တိုက်ခြင်း၊ ခွေးတက်နင်းမိခြင်း၊ ဂဏန်းကျင်းထဲ ကျွံ့ကြခြင်း၊ ငန်းလိုက်ဆွဲခြင်းများ ဖြစ်တက်သည် သတိထားပါ။
စီးပွားရေး ။ ။ ကျိကျိတက်ချမ်းသာရာမှ ကုန်းကောက်စရာ မရှိသော အခြေအနေသို့ ရုတ်ချည်းကျဆင်းသွားမည်။ ကြုံရာကျပန်းလုပ်ခြင်း၊ ကူလီထမ်းခြင်း၊ ခွေးမွေးခြင်း၊ ကြက်မွေးခြင်း စသည့်လုပ်ငန်းများဖြင့် အကျိုးပေးမည်။
ပညာရေး ။ ။ ကြိမ်ဖန်များစွာ ကြိုးစားသော်လည်း ကျသည့် အဆင့်မှ တက်မလာဘဲ ရှိသည် ခဲလေသမျှ သဲရေကျဖြစ်တတ်သည်။ ကော်ပီချုံ့ခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ ကုလားက, ကခြင်း၊ ကလေးထိန်းခြင်း စသည့်ပညာရပ်များကို ကြိုးစားပမ်းစား သင်ယူရကိန်းရှိသည်။
အချစ်ရေး ။ ။ ကလေးအဖေ တစ်ယောက်၏ အရူးအမူး ချစ်ကြိုက်ခြင်း ခံရတတ်သည်။ ချွတ်ခြုံကျနေသူများ၏ လက်ထပ်ခွင့် တောင်းခြင်းကို ခံရတတ်သည်။ အပျိုကြီး လူပျိုကြီးများအနေဖြင့် ခွက်လက်ဆွဲသူများ၊ ကားဆရာများ၊ ကုမရသောရောဂါရှိသူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။
ကျန်းမာရေး ။ ။ တနင်္လာရောဂါများဖြစ်သည့် ကင်ဆာ၊ ဂနို၊ ခွေးရူးပြန်ခြင်း စသည့် ရောပါများအပြင် ကာလနာ၊ ကာလ၀မ်း၊ ကလေးသူငယ်နာရောဂါများ ဖြစ်ပွားနိုင်သည်။
ယတြာ ။ ။ “ငါး” ကိုးဗူးကို “ဂ”ငယ်ရပ်ကွက်မှ ခိုးယူဝယ်ကာ ကိုကာကိုလာ ကိုးလုံးဖြင့် ကွေးနေအောင်း “က” ၍ သောက်ပါ။ လက်ရှိ အညံ့များ အားလုံးပျောက်မည်။
အင်္ဂါ (စ၊ ဆ၊ ဇ၊ ဈ ၊ ည)
လက်ရှိအခြေအနေ ။ ။ ညဖက်အပြင်သွားလျှင် ID ကဒ်ဆောင်ပါ “စ”လုံး ရဲနှင့် မကြာမကြာ တွေ့ရတတ်သည်။ စာမကျက်သူများ သတိထားပါ။ ယခုနှစ်မှစ၍ Supple ဂြိုလ်မင်းသည် Poly ကျောင်းများသို့ မဆင်းတော့ပဲ Repeat (ခေါ်) တစ်ခါတည်းကျသော ဂြိုလ်မင်းနှင့် Duty change ကာ သင့်ဆံပင်ပေါ်တွင် ဇောက်ထိုးလမ်းလျှောက်နေပြီ။
စီးပွားရေး ။ ။ ဆံပင်ဝယ်ခြင်း၊ ဆိုက်ကားနင်းခြင်း၊ စပါယ်ရာလုပ်ခြင်း၊ ညအိပ်မီးကင်းစောင့်ခြင်း တို့ဖြင့် စီးပွားရေး တက်မည်။ Singapore Idol အစီအစဉ်တွင် ပါဝင်၍ အဆဲခံပါ။ ဆန္ဒပြည့်ဝလာပါလိမ့်မည်။
ပညာရေး ။ ။ စာခိုးချခြင်း၊ ဆေးပညာများ (ဥပမာ - ကားရေဆေးခြင်း၊ ပန်းကန်ဆေးခြင်း) စသည့် အတတ်ပညာများကို ဆရာကောင်းထံမှ သင်ကြားရတတ်သည်။
အချစ်ရေး ။ ။ အကြောဆွဲကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသူတစ်ဦး၏ စွဲစွဲလန်းလန်းချစ်ကြိုက်ခြင်း ခံရတတ်သည်။
ကျန်းမာရေး ။ ။ ဆီးအောင့်ခြင်း၊ ဆီးမရပ်ခြင်း၊ ဆံပင်ကင်ဆာဖြစ်ခြင်း၊ ဆားစ်ရောဂါ၊ ညာဖက်တစ်ခြမ်းလုံး အကြောဆွဲခြင်း၊ ဆစ်ဖလစ်ရောဂါ၊ စာဖတ်မရခြင်း စသည့်ရောဂါများ ဖြစ်တတ်သည်။
ယတြာ ။ ။ အဆဲသန်သူတစ်ဦးကို ဆွဲမိဆွဲရာ ဆွဲ၍စတီဗင်ဆီးဂဲလ်၏ ကန်ချက်မျိုးဖြင့် အဆဲရပ်သွားသည်အထိ ဆက်တိုက်ကန်၍ ဆဲပါ။ မရပ်သေးလျှင် ဇောက်ထိုးလှန်၍ ဆဲပြီးရင်ဆဲပါ။ ဆဲလေ ကံကောင်းလေ။ များများဆဲလေ များများကောင်းလေ။ ဆဲသာဆဲပါ။ ထူးခြားလာမည်။
ဗုဒ္ဓဟူး (ယ၊ ရ၊ လ၊ ၀)
လက်ရှိအခြေအနေ ။ ။ စန်းပွင့်မည်။ ယားနာပေါက်သူတစ်ဦး၏ ရည်းစား စာပေးခြင်းခံရမည်။ ယဉ်ယဉ်လေးရူးနေသူတစ်ဦးနှင့် ရင်ခုန်သံခြင်းတူမည်။ မှောက်မအိပ်နှင့်။ ရင်ဘတ်အောင့်တတ်သည်။
စီးပွားရေး ။ ။ မိမိတွင်ရှိသော ဥစ္စာဓနများ လုံးပါး ပါးလာမည့်ကိန်းရှိသည်။ လူလိမ်လုပ်ငန်း၊ ၀က်သားထုတ်ထိုး ရောင်းခြင်း၊ ယင်နားစာရောင်းခြင်း လုပ်ငန်းတို့ မှ ၀က်ဝက်ကွဲဝင်ငွေရမည်။
ပညာရေး ။ ။ “လေးလေးမှန်မှန် အောင်ပွဲခံ” ဟုသဘောပိုက်ကာ လွယ်လွယ်ကူကူ ကြိုးစားမိသောကြောင့် လိမ်ဖယ်လိမ်ဖယ်နှင့်ရှုံးနိမ့်ခြင်းသို့  ရောက်ရှိသွားတတ်သည်။ ယင်ကောင်မွေးခြင်း၊ ၀က်သတ်ခြင်း၊ ၀ဲမွေးခြင်း၊ လူပြတ်လုပ်ခြင်း အစရှိသော ပညာရပ်များ သင်ယူခွင့်ရမည်။
အချစ်ရေး ။ ။ ရူးပေါပေါ ၀၀ပြဲပြဲ ဖြစ်နေသူနှင့် ချစ်ကြိုးသွယ်ရတတ်သည်။ အသဲကွဲဝေဒနာကို လူးလိမ့်နေအောင် ခံစားရမည်။
ကျန်းမာရေး ။ ။ ၀ဲပေါက်ခြင်း၊ ၀ဋ်နာ ကံနာ ကျရောက်ခြင်း၊ ၀ိတ်အဆမတန် တက်လာခြင်း၊ ယဉ်ယဉ်လေးရူးးခြင်း၊ အလိုအလျောက်ရယ်ခြင်းရောဂါ (Euphoria) စသည့်တို့  ရုပ်ပျက်ဆင်းပျက် ကျရောက်လာနိုင်သည်။
ယတြာ ။ ။ ဤအခိုက်အတန့် အတွင်း ဗုဒ္ဓဟူးသား/သမီး များ အညံများရှိနေသဖြင့် ယုန်သားစား၍ ၀ိုင်သောက်ကာ NYP ၀ရံတာ၌ လေးမိနစ်ခန့်  ရပ်ကာ West-life ရဲ့  “You Flying Without Wings” သီချင်းဆို၍ လက်နှစ်ဘက်ဆန့် တန်းလျက် လေးဘက်ကျွှမ်းထိုး ခုန်ချပါ။ ၀က်ကျ ကျပါလိမ့်မည်။တသွေမတိမ်း ဆောင်ရွှက်ပါ။ တစ်ခါတည်း ကိစ္စပြီးသွားပါလိမ့်မည်။
ကြာသပတေး (ပ၊ ဖ၊ ဘ၊ ဗ၊ မ)
လက်ရှိအခြေအနေ ။ ။ ဤနှစ်အတွင်း ကြွက်မင်းတို့  ရတနာပုံ ဆိုက်ကိန်းကျသောလည်း ရတနာပုံသို့  မရောက်မှီ MRTဘီးပေါက်၍ ပျဉ်းမနား၌ နားလေသောကြောင့် ဖြိုးဖြိုးဖြတ်ဖြတ် ၂၄ နာရီ မီး ပေးစနစ်အောက်မှာ ရောက်နေသဖြင့် ကောင်းသထက် ကောင်းလိမ့်မည်။
စီးပွားရေး ။ ။ မိလ္လာလုပ်ငန်း၊ ဗယာကြော်လုပ်ငန်း၊ မီးနေသည် စောင့်ရှောက်ရေးလုပ်ငန်းတို့မှ မြိုးမြိုးမြတ်မြတ် ၀င်ငွေရရှိမည်။
ပညာရေး ။ ။ ဖင်လန်၊ ပိုလန်၊ ဘော့ဇနီးယား၊ မြန်မာ၊ ဘရာဇီး စသည့်နိုင်ငံရပ်ခြားများသို. Scholarship ဖြင့် ဖဲရိုက်နည်းပညာ၊ ပုရစ်ကြော်လုပ်ငန်း၊ ဘဲကျောင်းနည်း၊ ပတ်မတီးခြင်း၊ စသောပညာရပ်များတွင် ပညာတော်သင်လွှတ်ခြင်းခံရမည်။
အချစ်ရေး ။ ။ မွဲတေနေသူတစ်ဦး၏ ဗရပွမေတ္တာထားခြင်းကို ခံရတတ်သည်။ ဘကြီးအရွယ်ရောက်နေသူများနှင့် ချစ်ကြိုး သွယ်ရတတ်သည်။ ပါးရိုက်ကြမ်းသော၊ ပေါင်တွင်းကြော လိမ်ဆွဲသော မိန်းကလေးများနှင့် ပိုးစိုးပက်စက် ပက်ပင်းတိုးမည်။
ကျန်းမာရေး ။ ။ မြွေကိုက်ခံရခြင်း၊ မျက်နှာမီးဟပ်ခြင်း၊ ဖင်မှာ ပွေးပေါက်ခြင်း၊ စသည့်ရောဂါများကို မဖုံးနိုင်မဖိနိုင် ပက်ပက်စက်စက် ခံစားရကာ ဖျပ်ဖျပ်လူးနေရလိမ့်မည်။
ယတြာ ။ ။ ဗိုက်ပူပူ ဗိုလ်ကြီးတစ်ယောက် ဖင်ကုန်း၍ ဘရာကြော်ဝယ်နေသည်ကို ဓါတ်ပုံ ရိုက်၍မှန်ဘောင်သွင်းပြီး ပျဉ်းမနားသို့ပေါ်တင် သယ်သွားပါ။ ကြိမ်းသေမိမည်။ ကြမ္မာကြွက်မင်း အားဆက်သပါ။ စားစရိတ်ပါ ငြိမ်းမည်။ နေစရာရမည်။
သောကြာ (သ၊ ဟ)
လက်ရှိအခြေအနေ ။ ။ ဘာလုပ်လုပ် သောက်သုံးမကျ ဖြစ်နေတတ်သည်။ သောက်တလွဲ လျှောက်လုပ်ခြင်းကြောင့် သုံးမရဖြစ်နေလိမ့်မည်။ ဟဲဟိုးမြို့၌ ဟိုင်းဆင်လိုက်ခံရ၍ ဟပ်ထိုးလဲလိမ့်မည်။ သေချင်စော် နံလောက်အောင် သရေကျ၍ သရေခံ လိုက်ရှာနေရတတ်သည်။
စီးပွားရေး ။ ။ သံတိုသံစ ရောင်းဝယ်ရေး(ကြက်တန်း) ၊သိုးမွေးမြူရေး၊ သောက်ရေသန့် အတုလုပ်ငန်းတို့ဖြင့် ချမ်းသာမည်။ သစ်ရောင်းဝယ်ရေးရှောင်ပါ။ သူတပါး၏ အစုစပ်စီးပွားရေးကို သပ်လျှိုသွေးခွဲလျှင် သင့်ကို သေးထွက်သည် အထိ ခြောက်လှန့်ကြ လိမ့်မည်။
ပညာရေး ။ ။ သန်ကောင်ဆိုင်ရာ အဏုဇီဝဘာသာရပ်၊ သန်းမွေးမြုရေးဘာသာရပ် တို့ကို သပွတ်ချုံထဲတွင် သင်ကြားရတတ်သည်။ သံတူရွင်း၊ သံပြားပြုလုပ်သော ပန်းပဲအတတ် ဖြင့် ဟုန်းဟုန်းတောက် ကျော်ကြားလိမ့်မည်။
အချစ်ရေး ။ ။ သန်မာထွားကြိုင်းသော ဟိုင်းနေသူတစ်ဦးက သင့်အား သိပ်သိပ်ချစ်နေပါလိမ့်မည်။ သန်းပေါင်းများစွာသော ဆန့်ကျင်ဘက်တို့ စိတ်ဝင်စားလာစေရန် လည်ပင်း ခြေ လက် တို့တွင် သံကြိုးကြီးကြီး ဆွဲထားပါ။
ကျန်းမာရေး ။ ။ သပ်သပ်ရပ်ရပ်နေပါ။ ဟပ်ထိုးလဲကာ ဗွက်ရေနှင့် မျက်နှာသစ်ရတတ်သည်။ သေလောက်သွားကိုက်၍ သွားဖုံးတစုံလုံး လဲရတတ်သည်။ထိုအခါ သွားတိုက်ဆေး ကို သိန္ဓောစားနှင့် ရောဖျော်၍ စားပါ။သက်သာစွာဖြင့် သုဿန်သို့ သွားရပါလိမ့်မည်။
ယတြာ ။ ။ “သ”အမည်ပါသော အဆောင်ရှေ့သွားကာ သံပုံးတီး၍ “သီချင်းချစ်သူ” သီချင်းကို အဆိုတော်“ဟဲလေး”အသံဖြင့် သုံးရက်တိတိဆိုပါ။ သပိတ်သော် လည်းသွတ်လျှင်သွတ်ရမည်။ သံတိုင်နောက်ကွယ်သို့ ၀င်လျှင်ဝင်ရမည်။
စနေ (တ၊ ထ၊ ဒ၊ ဓ၊ န)
လက်ရှိအခြေအနေ ။ ။ ကံကြမ္မာတူသည်။ အိမ်သာတစ်ခုထဲ၌ နှစ်ယောက်ဝင်မိခြင်း၊ လမ်းတွင် နှဖူးခြင်းဆောင့်မိခြင်း များဖြစ်နိုင်သည်။ ဓာတ်တိုင်ပေါ်မှ ဓာတ်မီးသီး ပြုတ်ကျနိုင် သည်။ ထိတ်ပြောင်သူတစ်ဦးနှင့်အတူ ထိတ်တုံးခတ်ခံရ တတ်သည်။
စီးပွားရေး ။ ။ ယခုလတွင် စုဆောင်းထားသမျှ တက်တက်ပြောင်မည်။ ထန်းရေ ရောင်းခြင်း၊ တရော်ရောင်းခြင်း၊ နွားနို့ရောင်းခြင်း၊ တက္ကစီမောင်းခြင်း စသည့်လုပ်ငန်းများဖြင့် စီးပွားရေးကို ပြန်လည်ထူထောင်ပါ။
ပညာရေး ။ ။ ထင်ထားသမျှ တက်တက်စင်အောင် လွဲတတ်သည်။ စာကို တရေးနိုး မှ ထထကြည့်တတ်သော အကျင့်ကြောင့် ဒုတိယနှစ်တွင် တစ်နှစ်ထပ် နေရကိန်းရှိသည်။ှ
အချစ်ရေး ။ ။ တရုတ်မင်းသားနှင့် တူသူတစ်ယောက်အား နှစ်နှစ်ကာကာ ချစ်မိတတ်သည်။ နူ နေသူတစ်ဦးမှ နှပ်ချေးဖြင့် ညှစ်ခြင်းကို နှလုံးသားဖြင့် ခံစားရမည်။
ကျန်းမာရေး ။ ။ တရုတ်သိုင်းရူး ရူးခြင်း၊ တုတ်နှင့်အရိုက်ခံရခြင်း၊ ထော်လာဂျီ တိုက်မိခြင်း၊ ထိုင်မရ ထမရဖြစ်ခြင်း၊ ထန်းရေအမူးလွန်ခြင့်း၊ နမိုးနီးယား၊ တုတ်ကွေး၊ တင်ပါး၌ ဒက်ပေါက်ခြင်း၊ နွားအကန်ခံရခြင်း စသည့် ဝေဒနာများကို ခံစားရတတ်သည်။
ယတြာ ။ ။ တရေးနိုးတိုင်း ထထထိုင်ပြီးလျှင် နံဘေးတွင် အိပ်နေသူအား “ထစမ်း.. ထစမ်း” ဟုအော်၍ ဒိန်းကနဲ နေအောင် တူဖြင့်ထုပါ။“ဒို့အရေး…ဒို့အရေး”ဟု ထပ်တလဲလဲ အော်ပါလေ..။ထောင်ထဲသို့ တန်းတန်းမတ်မတ် ရောက်မည်။

2 Responses to NYP မြန်မာ သင်္ကြန်စာ (သက္ကရာဇ်၁၃၆၈)
ရေးမှ ရေးတတ်ပါ့ ကိုဝိညာဉ်စေတမာန်ရယ်......
ကောင်းတယ်...ရယ်ရလို့။
ရတနာစိုး..... ဒီသင်္ကြန်စာက ကျွန်တော်ရေးထားတာမဟုတ်ပါဘူး.....။ ကောင်လေးနှင့် နေမိုးကြယ်က အဓိက ရေးထားကြတာပါ....။ ကျွန်တော်က editing နှင့် ဒီဇိုင်းကိုပဲ တာဝန်ယူပေးထားတာပါ.....။ သင်္ကြန်စာက အဟောင်းပါ.....။ NYP ၂၀၀၇ခုနှစ် သင်္ကြန်ပွဲအတွက် ရေးသားထားတာပါ....။ ဒီနှစ်လည်း အထူးအဆန်းလေးတွေ လုပ်ဖို့ စီစဉ်ထားပါတယ်....။ လာရောက်အားပေး ကူညီနိုင်ပါစေဗျာ....။
Something to say?