Showing posts with label မော်ဒန်. Show all posts
Showing posts with label မော်ဒန်. Show all posts

ကောင်မလေးရေ........
တစ်ကြိမ်တစ်ခါမျှ မင်းကို သေချာ မတွေ့ဖူးပါဘူး.............။
မင်းအသံလေးကိုတော့ ကြားဖူးပါတယ်.....။
ဒါပေမဲ့ အမြဲတမ်းရင်ထဲမှာ အမှတ်ရနေမိတယ်.....။
မင်းနဲ့ သိခွင့်ရလိုက်တဲ့ အချိန်မှာ
မင်းကို သံယောစဉ်တွယ်မိတယ်............။

ကောင်မလေးရေ..............

မင်းကို ရင်ထဲကနေ ချစ်မိနေပြီကွယ်.......
ဒါကိုမင်းယုံနိုင်အောင် ဘယ်လိုလုပ်ပြရမလဲ...........။
ချစ်သူ၊ ရည်းစားကိုလည်း မလိုချင်ပါဘူး.........။
ငါဟာ လက်တွဲဖော်ဆိုတဲ့ အကြင်သူကို ရှာဖွေနေသူပါ.....။
အခုတော့ မင်းလေးဟာ ငါရဲ့ အကြင်သူလေး ဖြစ်နေပါပြီး.......။
ငါ့ရဲ့ အကြင်သူဖြစ်နှင့် ငါ့ဆီကို ခိုလှုံလာပါလားကွယ်..........။

(ဝိညာဉ်စေတမာန်)

ဆက်ဖတ်ပါရန်...

 

ကောင်မလေးရေ………..။
ချစ်တက်တဲ့ သူတွေ အတွက်
ချစ်သူများနေ့ဟာ ပျော်စရာကောင်းပေမဲ့…….
ချစ်တက်ပြီး
ချစ်ရတဲ့သူကို မပိုင်ဆိုင်နိုင်ပဲ
မျှော်လင့်နေရတဲ့ သူအတွက်တော့
လွမ်းစရာ ကောင်းလှပါတယ်……။
အော်……… လောကကြီးရယ်….
ဘာလို့များ ချစ်ရတဲ့သူနဲ့မှ့
မနီးနိုင်အောင် ဖန်တီးထားရတာလဲ……။
သနားတက်တယ်ဆိုရင်…….
ပြန်လည်ပေါင်းစည်းနိုင်အောင်
လုပ်ဆောင်ပေးလိုက်ပါလား…………။

(ဝိညာဉ်စေတမာန်)

ဆက်ဖတ်ပါရန်...

 

အချစ်ကို လူတွေရဲ့
ကိုးကွယ်ရာလို့ အများကပြောကြတယ်…..။
ချစ်သူ… ငါကတော့
မင်းလေးကို အချစ်ကြောင့် ကိုးကွယ်မိတာပါ…..။
ချစ်သူ ငါဟာ မင်းကို ချစ်ဖို့
လူဖြစ်ခဲ့ပြီး……။


(ဝိညာဉ်စေတမာန်)

ဆက်ဖတ်ပါရန်...

 

ဆယ်တန်းစာမေးပွဲ(ယခု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ) အောင်စာရင်းထွက်ပြီးကာစ အချိန်ကလေးပေါ့ဗျာ….။ ကျွန်တော်နှင့် ကျွန်တော် အရမ်းခင်တဲ့ သူငယ်ချင်း ၃ ယောက်ဟာ ဘာလုပ်ရမလဲ မသိ ဘာသင်တန်းတက်ရင်ကောင်းမှန်းမသိနဲ့၊ နာမည်ကြီးတဲ့ သင်တန်း၊ လူကြိုက်များပါတယ်ဆိုတဲ့ သင်တန်းတွေကို ပိုက်ဆံပေး၊ ပြီးလျှင် သွားမတက်…..( တကယ် သွားမတက်တာတော့မဟုတ် အိမ်ကနေ သင်တန်းသွားမည်ဟု အကြောင်းပြ ပြီးလျှင် သင်တန်းမရောက်)။ ထိုသို့သော် အခြေအနေများနှင့် ကျွန်တော်တို့ အားလုံး အချိန်ကုန်မှန်း မသိကုန်လာခဲ့တာ ၂၀၀၄ ခုနှစ် ကုန်ခါနီး သို့ ရောက်လာခဲ့သည်။ ဒါနဲ့ ကျွန်တော်တို့ သင်တန်းတစ်ခုကိုတော့ ပုံမှန်နီးပါးတက်ဖြစ်ခဲ့ပါတယ်။ အဲဒီ သင်တန်းတွေထဲက ရွှေတိဂုံဘုရားလမ်းမှာရှိသော Asia Language and Business Academy (ALBA) ကိုတော၊့ အားလုံးတက် ဖြစ်ခဲ့ကြတယ်။ သင်တန်းကာလ ၃ လလောက်ကြာလာတော့ သူငယ်ချင်းတွေက ဆက်မတက်ဖြစ်တော့ဘူး။ တစ်ယောက်ပြီး တစ်ယောက် သင်တန်းက ထွက်ကုန်ကြတယ်။ ကျွန်တော်ကသာ ကျွန်တော့်အဖေရဲ့ တိုက်တွန်းချက်နဲ အဲဒီသင်တန်းကို မတက်ချင်တက်ချင်နဲ့ ဆက်တက်ခဲ့ရတယ်။
ဒါပေမဲ့လည်း ကျွန်တော် ကံကောင်းတာပဲလား၊ ဒါမှာ့မဟုတ် ကျွန်တော့်အဖေကိုပဲ ကျေးဇူးတင်ရမလား မသိခဲ့ဘူး။ အဲဒီသင်တန်းကို ဆက်တက်ခဲ့ရင်း ကျွန်တော်တက်နေတဲ့ သင်တန်းကို မိန်းကလေး ၂ ယောက် အသစ်ရောက်လာတယ်။ အခုတော့ အဲဒီမိန်းကလေးနှစ်ယောက် အကြောင်းကို ဖေါ်ပြရတော့မယ်၊ ဘာလိုလဲဆိုတော့ အဲဒီနှစ်ယောက်ထဲက တစ်ယောက်သောသူက ကျွန်တော်ရဲ့ ချစ်ရသော ချစ်သူ (ကျွန်တော့်ရဲ့ နတ်သမီးလေး) ဖြစ်လာမှာမို့ပါ။ တစ်ယောက်က မိန်းကလေးပီပီသသ (အရင်ခေတ်တုန်းကလို ထမီနှင့် ရင်ဖုံးအင်္ကျီဝတ်ထားတာမျိုးတော့ မဟုတ်) ခောတ်နှင့်အညီ ဝတ်ထားပြီး၊ ကျန်တစ်ယောက်ကတော့ ခေတ်ယောက်ျားလေးများလို ဘောင်းဘီတိုနှင့် တီရှပ်အင်္ကျီ ဝတ်ထားတဲ့ ကောင်မလေးပေါ့။ ဟီးဟီး….. အဲဒီတုန်းကတော့ သူတို့နှစ်ယောက်ကို ကြည့်လို့ကို မရတာ။ ဒါကလည်း ဖြစ်တတ်ပါတယ်…… ကိုယ်ကအတန်းထဲမှာ စီနီယာလေ… ဒီတော့ အာလုံးကို ကြည့်မရတာ။ နောက်တစ်ပတ် သင်တန်းချိန်ကြတော့ သင်တန်းသားတစ်ယောက် အသစ်ထပ်ရောက်လာတယ်။ ဒါကတော့ အဆင်ပြေတယ်…. ကျွန်တော်က သင်တန်းမှာ သူငယ်ချင်းတွေမရှိတော့ဘူးလေ၊ သောင်းကျန်းဖို့ သူငယ်ချင်းရတာပေါ့ မဟုတ်လား။


ကျွန်တော်လဲ အဲဒီသူငယ်ချင်းအသစ်နဲ့ပဲ ပေါင်းပြီး သင်တန်းမှာ သောင်းကျန်းတာပေါ့…. ဟဲဟဲ …..။ အော် မေ့နေလိုက်တာ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမလို့။ ကျွန်တော်နှင့် သင်တန်းမှာ သောင်းကျန်းဖေါ် သောင်းကျန်းဖက် သူငယ်ချင်းနာမည်ကတော့ “မျိုးမင်းဟန်”၊ ကျွန်တော်ကတော့ သူ့ကို “ဘီလူး”လို့ပဲခေါ်တယ်။ ကျွန်တော်တို့ နှစ်ယောက်က တစ်ပတ်မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းရှိတဲ့ သင်တန်းကို စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲ သင်တန်းမသွားတာ၊ ……. အမြဲတမ်းလိုလို သင်တန်းကလစ်ဖြစ်တယ်။ တစ်နေ့ နှစ်ယောက်တည်း သင်တန်းလစ်ရတာ ပျင်းတာနဲ အခြားလူတွေ(သင်တန်းသူ/သင်တန်းသားတွေ) ကိုပါ ဆွယ်လိုက်မယ်ဆိုပြီး တိုင်ပင်မိတာနဲ့ အားလုံးကို လိုက်ပြောတာ ပါးစပ်တာညောင်းသွားတယ်၊ ဘယ်သူကမှ ပြောလို့လည်းမရဘူး။ ဒါနဲပဲ သင်တန်းအောက်ကို ပြတင်းပေါက်ကနေ ငုံ့ကြည်မိတော့… ကျွန်တော် စောစောပိုင်းက ရှင်းပြခဲ့တဲ့ ကောင်မလေးနှစ်ယောက်…… ဘာလုပ်နေကြပါလိမ့်……။ သူတို့ဖာသာ မတ်တပ်ရပ်နေတာ ကျွန်တော်တို့နဲ ဘာဆိုင်တာမှတ်လို့နော်။
ဘီလူးက စပြီးပြောတယ်…. “ဟေ့ကောင်…. ဟိုနှစ်ယောက်ကို စကားသွားပြောရအောင်”……
ကျွန်တော်လည်း ဘာလို့လဲမသိဘူး…. သူပြောတာကို သဘောတူလိုက်တယ်….။ ဒါနဲပဲ ကျွန်တော်တို့ သင်တန်းအောက်ထပ်ကို အမြန်ဆင်းဖို့ဆိုပြီး ဓါတ်လှေခါး ခလုပ်ကိုနှိပ်လိုက်တယ်။ အမြန်ဆင်းချင်လို့လား မသိဘူး၊ ဓါတ်လှေခါးက တော်တော်နှင့်ကို ရောက်မလာဘူး။ ထားလိုက်ပါတော့….. ဓါတ်လှေခါးကိစ္စကို…. ခုတော့ အောက်ထပ်ကိုရောက်သွားပြီလေ။ သူတို့က စပြီးတော့ ကျွန်တော်တို့ကို ဘယ်စကားလာပြောမလဲ…… ကျွန်တော်တို့ကပဲ အလိုက်သိသိနဲ စကားစရတာပေါ့။ အစကတော့ ဘာပြောရင်ကောင်းမှန်းကို မသိတာ။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်တော်က သူ့ဖာတာသူ ထားထားတဲ့ ပန်းအိုးကို မတွေ့ဘဲ ဝင်တိုက်ပြီး သူနှစ်ယောက်ထဲက တစ်ယောက်ကို ဝင်တိုက်မိတာပဲ။ ဟဲဟဲ…. ကျွန်တော်ကလည်း ဘယ်ရမလဲ “ချော်လဲတုန်း ရောထိုင်ပေါ့”ဆိုပြီး သူတို့ကိုတောင်းပန်ရင်းနဲ့ မိတ်ဆက် သူငယ်ချင်းဖြစ်ပရစေပေါ့…..။ ပြီးတော့ ဘာလုပ်နေတာလဲလို့မေးလိုက်တော့…. သူကလေးက ပြန်ဖြေတယ် “မတ်တပ်ရပ်နေတာ”တဲ့ မခန့်လိုက်တာနော်……။ ကျွန်တော်လည်း ဇွဲမလျှော့ဘူး ပြောလိုက်တယ် “သင်တန်းလစ်မလို့လိုက်မလားလို့” မေးလိုက်တာ။ သူတို့နှစ်ယောက်ကလည်း သိပ်မခေါ်ရဘူး ပြန်ပြောတယ်...
“လိုက်မယ်”.........။
ဒါဆိုသွားမယ်ဆိုပြီး သင်တန်းအပေါ်မတက်တော့ဘဲ။ တစ်ခါတည်းကို သင်တန်းလစ်တော့တာပဲ။ သင်တန်းလစ်ပြီး ဘယ်နေရာတွေသွားတယ် မှတ်လိုလဲ သင်တန်းနဲ့ ဝေးလေကောင်းလေဆိုပြီးတော့ သင်တန်းနားက “လပြည့်ဝန်းပလာဇာ”ကို သွားတော့တာပဲ။ တစ်ပတ်၊နှစ်ရက်ပဲရှိတဲ့ သင်တန်းကို ကျွန်တော်တို့ လေးယောက်က စနေ၊ တနင်္ဂနွေ သင်တန်းရက်တွေဆိုရင် အဲဒီ “လပြည့်ဝန်းပလာဇာ” ဘေးက “Goodie Café and Snacks”မှာ အမြဲသွားထိုင်ဖြစ်ကြတယ်။ ဆိုင်ရောက်တော့ ဘီလူးက စပြီးတော့ သူတို့နာမည်ကို သေချာမေးတော့တာပဲ။ အဲဒီ အချိန်ကျမှဘဲ သူတို့နာမည်ကို သေချာသိတော့တယ်။ မိန်းကလေးပီသပါတယ်ဆိုတဲ့ ကောင်မလေးနာမည်က “ဝတ်မှုန်”တဲ့ ကျွန်တော်ကတော့ သူကိုနာမည်ပေးလိုက်တယ် “ဝက်သိုး”လို့၊ နောက်တစ်ယောက်ရဲ့ နာမည်က “ဟန်နီဦး”တဲ့ ကျွန်တော်တို့ကတော့ သူကို “ငယ်”လို့ပဲခေါ်ကြတယ်။ အဲဒီအချိန်မှာ “ငယ်” ဆိုတဲ့ သူကလေးကို ကျွန်တော်စိတ်ဝင်စားမှု စခဲ့မိတာပါ။ အဲဒီ Café မှာ ထိုင်ပြီး အရင် သင်တန်းအချိန်တုန်းက တစ်ယောက်နှင့် တစ်ယောက် အတန်းထဲမှာ ရန်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်ပြောရင်း ရန်ဖြစ်နေလိုက်တာ ပျော်ဖို့တော့ အတော်ကောင်းတယ်။ အချိန်ကလဲ ကုန်မြန်လိုက်တာ သင်တန်းချိန်က ပြီးတော့မှာမလို့ ကျွန်တော်တို့အားလုံး သင်တန်းကိုပြန်ခဲ့ရတယ်။ (အဲဒီနေ့က ကျွန်တော်အမှန်အတိုင်းဝန်ခံပါတယ် “တစ်ကယ်ပျော်ရွှင်ခဲ့ပါတယ်”။)


အပြည့်အစုံ ဆက်ဖက်ရန်



အသစ်ထပ်မံ ရေးသားထားသော (ဇာတ်သိမ်းပိုင်း)


ဆက်ဖတ်ပါရန်...

 

အထီးကျန်စွာ

Posted In: , . By ဝိညာဉ်စေတမာန်

ပင်လယ်လှိုင်း အထီးကျန်စွာအော်သံ
ငှက်ကလေးများ အထီးကျန်စွာ အိပ်တန်းတက်သံ
ပင်လယ်ကမ်းခြေတစ်ခုရဲ့ အထီးကျန်ည
ဒီအထီးကျန်ဆန်မှုတွေကြား……
ငါတစ်ယောက်တည်း မင်းကို
လွမ်းလို့ အထီးကျန်စွာ
အရာအားလုံးကို အဖေါ်ပြုနေချိန်မှာတော့……
ချစ်သူ……
မင်းကတော့ တစ်ပါးသူရင်ခွင်မှာ
ပျော်ရွှင်စွာ မှေးစက်နေတာ…………။


(ဝိညာဉ်စေတမာန်)

ဆက်ဖတ်ပါရန်...

 

မထင်မှတ်တဲ့ အချိန်မှာ
ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် တွေ့ဆုံခဲ့ပြီး
မင်းအပေါ်မှာ မူးယစ်စွာနဲ့ ငါ ချစ်ခဲ့မိတယ်…..။
မင်းပြောခဲ့တဲ့…. စကား*ကြောင့်
ငါဘဝ တစ်ခုလုံးကို ပုံအောပေးတော့မှ
မင်းက ငါ့ကို ကောင်းမွန်စွာ လှည့်စားခဲ့တယ်
ကိုယ်ရဲ့နတ်သမီးရယ်……။
တစ်ခြားသူ ရင်ခွင်ထဲမှာ
မင်း ပျော်နေနိုင်ပေမဲ့……
ငါကတော့
မင်းကို နောက်ဆုံးအချိန်ထိ……..
စောင့်မျှော်နေဆဲပါ…..။
ကိုယ့်ရဲ့ အချစ်နတ်သမီးလေးရယ်
မင်းသိနိုင်ပါစေ……။


စကား* - “တစ်သက်မှာ တစ်ယောက်ကိုချစ်ပြီး သူကိုပဲ လက်ထပ်ချင်ပါတယ်”

ဆက်ဖတ်ပါရန်...

 

အဖိုးအိုက လိပ်ပြာကိုစောင့်မျှော်နေခဲ့သည်။

ဆရာဝန်ကတော့ သွေးခုန်နှုံးတိုင်းစက်ဖန်သားပြင်ပေါ်မှ တစ်စထက်တစ်စတိုဝင်သွားနေသော လှိုင်းအလျှားတို့ကိုကြည့်၍ အဖိုးအို၏ နောက်ဆုံးထွက်ခွါချိန်ကို စောင့်မျှော်နေခဲ့သည်။

အဖိုးအို၏ အသက်ကိုမှီရန် အချိန်ကိုလု၍ မောင်းနှင်လာသော ကားတစ်စီးကလည်း မီးပွိုင့်တစ်ခု၏ မီးစိမ်းပြချိန်ကို စောင့်မျှော်နေခဲ့သည်။

ဤဆေးရုံသံကုတင်ပေါ်ရောက်ရှိချိန်မှစ၍ အဖိုးအို၏ ခန္ဓာကိုယ်သည် ကော်နှင့်အသေကပ်ထားသကဲ့သို့ မလှုပ်မယှက်ငြိမ်သက်စွာရှိနေခဲ့သည်။ သို့သော် စူးရှတောက်ပသည့် သူ့မျက်လုံးတွေကတော့ တချက်မှအငြိမ်မနေပဲ ဆေးရုံအပြင်ဖက်ပန်းခြံတစ်ခုလုံးကို ဝေ့၀ိုက်၍ တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ ရှာဖွေနေခဲ့သည်။ သူ့အတွေးတွေထဲမှာလည်း တစ်ယောက်တည်း တီးတိုးစကားတွေ မွတ်သိပ်စွာရေရွတ်နေသည်။

“လိပ်ပြာရယ်…ရောက်လာပါတော့လား။ ငါ့မှာတော့ တစ်ဘ၀စာ ပန်းပွင့်တွေ ငါးမျှားချိတ်မှာ သီပြီး မင်းကိုထိုင်မျှားနေခဲ့ရတာ။ ပွင့်ဖတ်တွေကြားမှာများ မင်း....ပုန်းအောင်းနေခဲ့တာလား….”

ဆရာဝန်က တစ်ကိုယ်လုံးရစရာမရှိအောင် အရိုးတွေကြေမွှနေသော အဖိုးအိုကို ဂရုဏာသက်စွာကြည့်ရင်း

"အဘကိုယ်တိုင် သစ်ပင်ပေါ်တက်ပြီး ခူးရလောက်အောင် ဘာသီးတွေမိုလို့လည်း အဘရာ"

"လိပ်ပြာသီး"

"ဗျာ........လိပ်ပြာသီး.........."

"ဟုတ်တယ်...လိပ်ပြာသီးတက်ခူးတာ"

ဆရာဝန်က အလန့်တကြားနှင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရာ လိပ်ပြာပုံပါသော အဖိုးအို၏ သောက်ရေခွက်ကို သူ့လက်နှင့် မတော်တဆတိုက်မိသွားသည်။

"ခွမ်း..."

မာကြောကြွပ်ဆပ်နေသော လိပ်ပြာတောင်ပံတွေ ကြမ်းပြင်ပေါ် အပိုင်းအစတွေအဖြစ်လွင့်စင်၍ ပြန့်ကျဲသွားသည်။


အဖိုးအိုကတော့ သစ်ကိုင်းဖျားတွင် နားနေသော လိပ်ပြာတစ်ကောင်ကို ဖမ်းယူဖို့အားထုတ်ရင်း ခြေချော်လက်ချော်ဖြစ်ကာ သစ်ပင်ပေါ်မှ ပြုတ်ကျခဲ့ရသည်။
ထို့နောက် မာကြောကြွပ်ဆပ်နေသော သူ့အရိုးများ သူ့ခန္ဓာကိုယ်အတွင်း အပိုင်းအစတွေအဖြစ်လွင့်စင်၍ ပြန့်ကျဲသွားခဲ့သည်။

လိပ်ပြာနှစ်တစ်ခုမှာ မွေးခဲ့သော အဖိုးအို လိပ်ပြာတစ်ကောင်ဖမ်းယူဖို့ကြိုးစားခဲ့ရင်း အခုတော့ ဆေးရုံတစ်ခုပေါ်မှာ သူ့ကိုယ်ပိုင်လိပ်ပြာတွေ လွင့်ထွက်မသွားအောင် အားယူ၍တိုက်ခိုက်နေခဲ့ရပြီ။

ဆရာဝန်ကတော့ အဖိုးအို၏ အဖြစ်အပျက်ဆိုးများကိုကြည့်ရင်း လိပ်ပြာလွင့်လုမတတ် ခံစားနေရသည်။

"အင်းလေ ဘာပဲဖြစ်ဖြစ် သူ့မိသားစုကတော့ သူ့အသက်ကိုမှီလောက်ပါတယ်လေ။ အဖိုးအိုကလည်း သူတို့အလာကို အားတင်းပြီးစောင့်မျှော်နေခဲ့တာပဲ"

ဆရာဝန်က မေးရိုးကြီးတွေတင်းခံရင်း တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သော အဖိုးအိုကိုကြည့်၍ တီးတိုးရေရွတ်နေသည်။

သို့သော် ဆရာဝန်တွေးနေသလို အဖိုးအိုက သူ့မိသားစုကိုစောင့်မျှော်နေခြင်းတော့ မဟုတ်။ သူ့စောင့်ဆိုင်းနေသော အရာမှာ သူငယ်စဉ်ကတည်းကရှာဖွေနေခဲ့သော အမည်းရောင်
လိပ်ပြာတစ်ကောင်ပင်ဖြစ်သည်။

လိပ်ပြာမှလွဲ၍ မည်သည့်အရာကိုမှ စိတ်ဝင်စားချင်းမရှိခဲ့သောသူ ဘ၀ကို လိပ်ပြာတောင်ပံတွေအောက်၌ ပုန်းးခိုရင်းကုန်လွန်စေခဲ့သည်။ လိပ်ပြာအမျိုးပေါင်း ၁၇၅၀၀ ရှိသည့်အနက် အချောဆုံး၊ အလှဆုံးဆိုတဲ့ လိပ်ပြာတွေကို လိုက်လံဖမ်းယူရင်း ၀တ်မှုံတွေကြား၌သာ သူ့ဘ၀ကို မြုပ်နှံခဲ့သည်။

သို့သော် သူ အလိုချင်ဆုံးခဲ့လိပ်ပြာသည် တစ်ကိုယ်လုံး၌ မဟူရာရောင်များ အတိပြီးနေသော အမည်းရောင် လိပ်ပြာဘုရင်မတစ်ကောင်ပင်ဖြစ်သည်။ ထိုအမည်းရောင်လိပ်ပြာဘုရင်မကို တောတောင်တွေထဲအထိ သူလိုက်လံရှာဖွေခဲ့သော်လည်း ဒီနေ့ထိ သူရှာမတွေ့ခဲ့။


ထိုနေ့ကလည်း သူ့အိမ်အပြင်ဘက် သစ်ပင်ပေါ်၌ အမည်းရောင် လိပ်ပြာတစ်ကောင် လာနားနေတာကိုမြင်ခဲ့ရပြီး သူတသက်လုံး ရှာဖွေနေခဲ့သော လိပ်ပြာထင်၍ ရင်တွေခုန်ခဲ့ရကာ ထိုလိပ်ပြာကို ဖမ်းဆီးရန် သူ အပင်ပေါ်သို့ လှေကားထောင်၍ အငမ်းမရ လှမ်းတက်ခဲ့သည်။
သို့သော် အနီးကပ်သေချာစွာ ကြည့်လိုက်သောအခါ လိပ်ပြာ၏တောင်ပံထိပ်နား၌ အဖြူရောင်အစက်အပြောက် အနည်းငယ်ပါရှိနေသည်ကို စိတ်ပျက်စွာဖြင့် သူတွေ့လိုက်ရသည်။ ပို၍သေချာစေရန် ရှေ့သို့အနည်းငယ်ထပ်တိုးလိုက်စဉ် သူ ခြေချော်၍ သစ်ပင်ပေါ်မှ ဒလိမ့်ခေါက်ကွေးနှင့် ပြုတ်ကျခဲ့ရခြင်းဖြစ်သည်။

တကိုယ်လုံးရှိ အရိုးများကျိုးကြေကာ သူမေ့မြောသွားခဲ့ပြီး သူ့ခြံအလုပ်သမားက သူ့ကိုဆေးရုံသို့ အရေးပေါ်လိုက်ပို့ခဲ့ရသည်။ သို့သော် မပြီးပြတ်သေးသော ကိစ္စတစ်ခုအတွက် သူချက်ချင်းမသေနိုင်သေးပဲ အနည်းငယ်သတိရလာသည်နှင့်တပြိုင်နက် ထိုမတွေ့ရှိခဲ့ရသေးသော လိပ်ပြာကိုသာ တမ်းတနေခဲ့မိသည်။

ဆရာဝန်က ဒီအတိုင်းထိုင်စောင့်နေရတာကို လိပ်ပြာမလုံတော့ပဲ ကုတင်ခြေရင်းမှ အဖိုးအို၏လူနာမှတ်တမ်းကိုလှန်လော၍ ကြည့်ရှုနေလိုက်သည်။

အမည် - ဦးလွမ်းလိပ်ပြာ
အဖအမည်-ဦးပန်းချစ်
မွေးသက္ကရာဇ်-၂၀.၀၂.၁၉၄၂
အလုပ်အကိုင်-လိပ်ပြာဗေဒပါရဂူ
နေရပ်လိပ်စာ- အမှတ်(၁၉၆)၊ သတိပဋ္ဌာန်လိပ်ပြာလမ်းသွယ်၊ ငွေလိပ်ပြာဂေဟာ
.........................................
.........................................
.........................................
.........................................
.........................................
လူနာရှင်- ဒေါ်ဝတ်မှုံပွင့်
တော်စပ်ပုံ-သမီး
ဖုန်းနံပါတ်-၀၁၂၀၀၅၈၇
ဆက်သွယ်ရန်လိပ်စာ - ရွှေလိပ်ပြာစားသောက်ဆိုင်၊ အမှတ်(၁၂၇)၊ ပန်းခြံလမ်း

ပြီးတော့မှ ဆရာဝန်က တစ်စုံတစ်ခုကို သတိရသွားသလိုနှင့်
"အပြင်မှာ လေစိမ်းတွေ တိုက်နေတယ် အဘရဲ့။ ကျွန်တော် ပြတင်းပေါက်ကို ပိတ်လိုက်ပါရစေ"

အဘိုးအိုက နာကျင်ကိုက်ခဲနေသော သူ့ဦးခေါင်းကို လှုပ်သည်ဆိုရုံမျှလှုပ်ပြရင်း သူသဘောမတူကြောင်းကို အချက်ပြလိုက်သည်။

"လိပ်ပြာတွေက လေစိမ်းတွေရှိတဲ့ နေရာမှာပဲပျော်တာ။ တစ်ကမ္ဘာလုံးမှာ လေစိမ်းတွေတိုက်နေကြပါစေ"

ဆရာဝန်က ဘာကိုမှနားမလည်နိုင်တော့။ ဘာပဲဖြစ်ဖြစ် သူကတော့ သူ့မိသားစုတွေ ရောက်လာသည့် အချိန်အထိ အဖိုးအို၏အသက်ကို ရသလောက်ဆွဲဆန့်ထားချင်သည်။

ပြတင်းပေါက်တွေကတော့ လိပ်ပြာတွေတောင်ပံခတ်နေသလို တဖျတ်ဖျတ်နှင့် လေတိုက်လိုက်တိုင်း နံရံကိုလာ၍ ရိုက်ခတ်နေကြသည်။

တဖြည်းဖြည်းနှင် အဖိုးအို၏ အသက်ရှုသံတွေပြင်းလာသည်။ ဆရာဝန်ကနားကျပ်ကိုယူ၍ အဖိုးအို၏ရင်ဘတ်ကို စမ်းကြည့်လိုက်သည်။ အသံတွေက သူကြားဖူးနေကြ အသံတွေမဟုတ်။ ၀ီခေါ်နေသောအသံပေါင်းစုံက အဖိုးအို၏ရင်ဘတ်ထဲတွင် လိပ်ပြာအကောင်ပေါင်းများစွာ ပျံသန်းနေသည့် အသံမျိုး..။
ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေသော လိပ်ပြာဥယာဉ်ကြီးတစ်ခုထဲ ရောက်ရှိသွားသလို သူခံစားလိုက်ရသည်။ အဘိုးအိုကတော့ သူ့လက်နှစ်ဖက်ကို လိပ်ပြာတွေတောင်ပံယှက်၍ အနားယူနေသည့် ပုံစံမျိုး ရင်ဘတ်ပေါ်ခွေတင်ကာ အပြင်သို့ငြိမ်သက်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
လိပ်ပြာကတော့ ရောက်မလာသေး...........။

"ဖိုးဖိုးကြီးဆီ မရောက်သေးဘူးလား မေကြီးရဲ့"

ရင်ဘတ်တွင် ရွှေရောင်လိပ်ပြာပုံ ရင်ထိုးလေးထိုးထားသော ကလေးငယ်က လိပ်ပြာရောင်စုံပုံလှလှလေးတွေပါသော စာအုပ်ကိုလှန်ကြည့်နေရင်း ကားမောင်းနေသော မိခင်ကိုလှမ်း၍မေးလိုက်သည်။

"ရောက်တော့မှာပါ သမီးရယ်။ ဟော...ဟိုရှေ့က ပန်းခြံကြီးကျော်ရင် သမီးရဲ့ ဖိုးဖိုးကြီးကို တင်ထားတဲ့ဆေးရုံကို ရောက်ပြီကွယ့်"

ရွှေလိပ်ပြာစားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဝတ်မှုံပွင့်တစ်ယောက် စားသောက်ဆိုင်လုပ်ငန်းများနှင့် အလုပ်ပိနေ၍ သူမ၏အဖေနှင့် မတွေ့ခဲ့ရတာ အတော်ကြာခဲ့ပြီ။ အခုလည်း မအားတဲ့ကြားက သူ့အဖေ သစ်ပင်ပေါ်ကပြုတ်ကျပြီးဆေးရုံ ရောက်နေတယ်ကြားသောကြောင့်သာ လုပ်လက်စအလုပ်တွေကိုပြစ်၍ ဆေးရုံသို့ ကမန်းကတန်းထွက်လာရခြင်းဖြစ်သည်။ ဆေးရုံဝင်းအရှေ့ရောက်တော့ ကားကိုလိပ်ပြာကွေ့ကွေ့ကာ ဆေးရုံဝင်းထဲသို့ ကားခေါင်းကို တည်၍ရပ်လိုက်သည်။

အဖိုးအို၏ ဦးခေါင်းတွေကတော့ တည်လို့မရလောက်အောင်ပင် ညွှတ်ကျလုမတတ်ဖြစ်နေခဲ့ပြီ။ သို့သော်သူ့မျက်လုံးတွေကတော့ အပြင်ဘက်ပန်းခြံထဲတွင် ရုတ်တရက်ပေါ်လာမည့် လိပ်ပြာကို သဲကြီးမဲကြီးရှာဖွေနေဆဲဖြစ်သည်။ လိပ်ပြာကတော့ ရောက်ရှိမလာသေး။

တစ်ကိုယ်လုံးဖော်ပြလို့မရအောင် နာကျင်သည့်ဘ၀မှ သူထွက်ခွါသွားချင်လှပြီ။ နောက်ဆုံးဝေဒနာကို တင်းမခံနိုင်တော့တဲ့အဆုံး အဖိုးအို စိတ်တွေကို ဖြည်းဖြည်လျှော့ချလိုက်သည်။


သွေးခုန်နှုံးစက်မှ တတီတီမြည်လာတဲ့ အသံကိုကြားတော့မှ ဆရာဝန်လည်း တွေးတောနေရာမှ သတိပြန်ဝင်လာသည်။ အဖိုးအိုရဲ့ရင်ဘတ်ကို သူထိန့်လန့်တကြား နားကျပ်နှင့်စမ်းကြည့်လိုက်တော့ ယခင်ကတ၀ီဝီမြည်နေခဲ့သော အသံများ မရှိတော့။ လိပ်ပြာတွေ အိပ်မောကျနေကြပြီ။
သို့မဟုတ် အခြားတနေရာသို့ ၀တ်မှုံကူးရန် အုပ်စုလိုက်ထွက်ခွါသွားကြပြီ။

ဆရာဝန်က အဖြူရောင်အ၀တ်စကို အဖိုးအို၏ မျက်နှာပေါ်သို့လွှမ်းချုံပေးလိုက်သည်။ ထို့နောက် လူအသေအပျောက်စာရင်းသွင်းရန် ဆေးရုံ၏ အုပ်ချုပ်ရေးရုံခန်းသို့ ထွက်ခွါလာခဲ့သည်။ ငြိမ်သက်နေသော အခန်းထဲတွင်တော့ တိုင်ကပ်နာရီချိန်သီးရိုက်သံတစ်ခုသာ လေးလေးမှန်မှန်ဖြင့်ထွက်ပေါ်နေသည်။
သို့သော် အဖိုးအိုကတော့ မကြားနိုင်တော့။

နောက်ဆုံး၌ လိပ်ပြာကရောက်ရှိလာခဲ့သည်။ အတောင်ညောင်းနေသော အမည်းရောင်လိပ်ပြာတစ်ကောင် ငြိမ်သက်နေသော အခန်းအတွင်း ဟိုဟိုဒီဒီ ၀ဲပျံရင်း နားခိုစရာ တစ်နေရာကိုလိုက်လံ၍ ရှာဖွေနေခဲ့သည်။ ရှင်းသန့်သော အဖြူရောင် အ၀တ်စတစ်ခုကိုတွေ့တော့ ၀မ်းသာအားရနှင့် သူ့အတောင်တွေချက်ချင်းရုတ်ကာ သူ့တစ်ကိုယ်လုံးကို ထိုနေရာပေါ်သို့ပြစ်တင်လိုက်ပြီး သက်တောင့်သက်သာဖြင့် အနားယူနေလိုက်သည်။

လိပ်ပြာရပ်နေသောနေရာသည် မိနစ်အနည်းငယ်အကြာက တစ်စုံတစ်ခုကို မွတ်သိပ်စွာစောင့်ကြည့်နေခဲ့သော အဖိုးအို၏ မျက်လုံးတစ်စုံတည်ရှိရာ နေရာပင်ဖြစ်သည်။


ထိုလိပ်ပြာကား အဖိုးအို ဘ၀တစ်ခုလုံး စောင့်မျှော်ရှာဖွေနေခဲ့သော လိပ်ပြာဘုရင်မ (ခေါ်) ၀ိညာဉ်လိပ်ပြာပင်ဖြစ်တော့သည်။

<မင်းတစေ>

ဆက်ဖတ်ပါရန်...

 

လောကသည် နာမည်ခေါ်သံများနှင့် ဆူညံနေသော အရပ်ဖြစ်သည်။

အမေတွေက ထမင်းစားဖို့ လှမ်းခေါ်ကြသည်။ (သားတို့..ရေ)

သူငယ်ချင်းတွေက ကျောင်းသွားဖို့ လမ်းမပေါ်ကနေ လှမ်းခေါ်ကြသည်။ (ယောက်ဖတို့...ရေ)

ချစ်သူတွေက ဖုန်းထဲက ရုပ်ရှင်ကြည့်ရန် လှမ်းခေါ်ကြသည်။ (မောင်တို့...ရေ)

ကြွေးရှင်က တွေ့တဲ့နေရာမှာ ကြွေးပေးရန် လှမ်းခေါ်ကြသည်။ (ကျေးဇူးရှင်တို့...ရေ)

ဘယ်နေရာ ရောက်ရောက် လူတို့၏နာမည်ခေါ်သံကိုတော့ မပြတ်ကြားနေရသည်။

တခါတရံတွင်လည်း နာမည်နှင့်တွဲဖက်၍ ဂုဏ်ပုဒ်ပေါင်း သောင်းခြောက်ထောင် ရော၍ပါလာတတ်ကြသေးသည်။

ဒေါက်တာရေချမ်း၊ ဆာအဲလက်စ်ဖာဂူဆန်၊ ဗိုလ်ချုပ်ကြီးရွမ်းမဲ၊ အကယ်ဒမီညွန့်ဝင်း အစရှိသဖြင့် နာမည်တွေနှင့်ပင် ခြိမ်းခြောက်လို့ အားမရသေးပဲ ဂုဏ်ပုဒ်တွေဖြင့်ပါ ဖိသတ်ရန်ကြိုးစားနေကြသည်။

သူကတော့ ဂုဏ်ပုဒ်တွေဆိုလို့ ကိုယ့်နာမည်တောင် ကိုယ်မက်သည့်ကောင်မဟုတ်။


ငယ်ငယ်ကတော့ မိဘတွေ အတင်းအဓမ္မပေးခဲ့သည့် နာမည်တစ်ခုရှိခဲ့ဘူးသည်။
သို့သော်လည်း ဟိုး...အရင်ကအဖြစ်အပျက်တွေနှင့် ရောနှောပြီး ငယ်ငယ်က သူ့နာမည်လည်း အတိတ်မှာကျန်ရစ်ခဲ့ပြီဆိုတော့ သူအသေအခြာ ပြန်မမှတ်မိတော့။
ဘာမဟုတ်သည့် နာမည်တစ်လုံးကိစ္စနှင့် အတိတ်ဆိုတဲ့ကောင်နဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ ပြန်မလုပ်ခြင်တော့တာလည်းပါသည်။

မိဘတွေမရှိတော့တဲ့နောက် သူထပ်မလိုခြင်တဲ့ နာမည်အသစ်တွေ အတင်းလာပေးမည့် လူတွေကလည်း မရှိခဲ့လေတော့ သူကနာမည်မရှိသော လူတစ်ယောက်ရယ်လို့ဖြစ်လာရတာပေါ့။

နာမည်တွေမရှိသောကြောင့် သူ့တွင် မှတ်ပုံတင်မရှိ၊ ဘွဲ့လက်မှတ်မရှိ၊ အလှုခံဖြတ်ပိုင်းမရှိ၊ ပြီးတော့ သူ့ဆီကိုရောက်လာမည့် စာတွေမရှိ။

နာမည်မရှိသော လူတစ်ယောက်အဖြစ် အတော်အတန် နေသားကျခဲ့ပြီး နာမည်ရှိသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလည်းနေထိုင်ဖို့ ဆိုတာတွေကိုလည်း သူအားထုတ်မနေတော့။

တခါတလေ မလွှဲရှောင်သာလို့ နာမည်တွေပြောမှရမယ်ဆိုရင်လည်း သူ့ပါးစပ်ထဲက သင့်တော်မည်ထင်သည့် တွေကရာ နာမည်တစ်ခုခုကို ကောက်ပေးပြစ်လိုက်သည်သာ။

ထို့ကြောင့်သူ၏နာမည်သည် တခါတရံ၌ မောင်နတ်ရှင်တောင်ဖြစ်၍ တခါတရံ၌ ကိုအဒေါ့ဖ်ဟစ်တလာဖြစ်သည်။ တခါတရံ၌ ဦးအိုဆမာဗင်လာဒင်ဖြစ်၍ တခါတရံ၌ မောင်မြ၀တီမင်းကြီးဦးစဖြစ်သည်။ တခါတရံ၌ ကိုဆော့ကရေးတီးဖြစ်၍ တခါတရံ၌ ဦးသီပေါမင်းဖြစ်သည်။

ထို့အပြင် သူသည်ယောက်ျားတစ်ယောက်ဖြစ်၍ နာမည်ကို မောင်၊ ကို၊ ဦးတို့ဖြင့် စကိုစရလိမ့်မည်ဟုလည်း မယုံကြည်။

ထို့ကြောင့်သူ၏အမည်သည် တခါတရံတွင် မကိုရာဇန်အကွီနိုဖြစ်၍ တခါတရံတွင် ဒေါ်မာသာထရီဆာဖြစ်သည်။ တခါတရံတွင် မကလော်ဒီယာရှီဖာဖြစ်၍ တခါတရံတွင် ဒေါ်ဂျိုးဂျိုးဖြစ်သည်။

ဒါပေမယ့် အဲဒါတွေက သူ့နာမည်အစစ်တွေ မဟုတ်လေတော့ တခါတလေ ထိုနာမည်ရှင်တို့နှင့် ရင်းနှီးသော သူတို့ကိုဆက်ဆံရသောအခါ အခက်အခဲများကြုံရတတ်လေသည်။
ထိုအခါများ၌ မည်သူမျှပေးလေ့ပေးထ မရှိသော နာမည်တစ်ခုခုကိုရှာကြံ၍ သူပေးရတော့သည်။ ထို့ကြောင့် သူ၏နာမည်သည် တခါတရံ၌ မဆေးလိပ်တိုဖင်ဆီခံဖြစ်၍ တခါတရံ၌ မောင်မိတ်ကပ်တစ်ဘူးဖြစ်နေသည်။ တခါတရံ၌ ဒေါ်နွားသိုးတစ်ကောင်ဖြစ်၍ တခါတရံ၌ ကိုသားဆက်ခြားခြင်း ဖြစ်နေသည်။ တခါတရံ၌ ဦးအကောင်းမြင်မှု ဖြစ်နေတတ်၍ တခါတရံတွင်လည်း ဒေါ်အထီးအမသဘာဝ ဖြစ်နေတတ်လေသည်။

ထို့ကြောင့် သူ့တွင်နာမည်တစ်လုံးမှမရှိသော်လည်း နာမည်များစွာရှိပါသည်။

ရွယ်တူသူငယ်ခြင်းများက သူ့ကို ဟေ့လူ ဟုခေါ်ကြပြီး သူ့ထက်ကြီးသူများက ဟေ့ကောင် ဟုခေါ်ကြသည်။ သူ့ထက်ငယ်သူတွေကတော့ သူ့ကို ဟေ့လူကြီး ဟုခေါ်ကြသည်။

နာမည်အတည်တကျမရှိခြင်းက သူ၏နားများကိုထင်ယောင်ထင်မှား ဖြစ်စေပြီး လမ်းမပေါ်၌ဖြစ်စေ၊ ဘတ်စကားတစ်စီးပေါ်၌ ဖြစ်စေ၊ လ္ဘဖက်ရည်ဆိုင်၌ ဖြစ်စေ လူတစ်ဦးမှ အခြားသူတစ်ဦးသို့ လှမ်း၍ခေါ်လိုက်တိုင်း သူ့ကိုခေါ်သည်အထင်နှင့် လိုက်ထူးတတ်သောအကျင့်ကလည်း ပါနေပြီဖြစ်သည်။ ကျောင်းမှာတော့ အဆိုးဆုံးဖြစ်သည်။ ဆရာမက ကျောင်းခေါ်ကြိမ်မှတ်ဖို့ ကျောင်းသားတစ်ယောက်၏ နာမည်ကိုခေါ်တိုင်း သူကထထ၍ ထူးနေရသည်မှာ အလွန်ပင်ကသိကအောက်နိုင်လှသည်။

ထို့ကြောင့် သူက မလိုခြင်ရင်တောင်မှ ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေဖြစ်စေဖို့ နာမည်တစ်ခုတော့ ရှိသင့်နေပြီဟု သူ့ကိုယ်သူ အကြံပြုကြည့်တော့ သူကိုယ်တိုင် ကလုံးဝသဘောတူပုံမရ။ ဤသို့ဖြင့် သူ့ကိုယ်သူ နှင့် သူကိုယ်တိုင် အငြင်းအခုံတွေဖြစ်ကြပြီး ကြားထဲက သူ ပါစိတ်ပေါက်လာသည်။

ထို့ကြောင့် နာမည်တစ်ခုပိုင်ဆိုင်ဖို့ အားထုတ်မိတဲ့ သူ.. သူ့ကိုယ်သူ စိတ်လျှော့လိုက်ပြီး သူ ဆိုသည့်နမ်စားကိုပါဆက်လက်မသုံးစွဲတော့ဖို့ သူကိုယ်တိုင် ကဆုံးဖြတ်လိုက်သည်။

ထိုသို့ဆုံးဖြတ်ပြီးနောက် ရင်ထဲတွင်ပေါ့သွားသည်။ သို့သော်နာမည်တစ်လုံး ရှိမနေခဲ့သောကြောင့် နာမည်ပေါသော လူတို့နှင့်လည်း ဆက်လက်ဆက်ဆံရန် လုံးဝမဖြစ်နိုင်တော့သည်ဖြစ်၍ တစ်ယောက်တည်း အိမ်တွင်းအောင်း နေထိုင်ရန် ကိုပါထပ်၍ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှစ၍ ကြားဘူးနားဝ နာမည်များ၊ ရေးတေးတေး နာမည်များ အပါအ၀င် လုံးဝမကြားဘူးခဲ့သော နာမည်များကလည်း ထပ်မံပတ်သက်ခြင်း မရှိတော့သောကြောင့် နာမည်ခေါ်သံ ယောင်လို့တောင်မကြားရသော အရပ်၌ နှစ်အတန်ကြာအောင်တစ်ယောက်တည်း နေဖြစ်ခဲ့သည်။

သို့သော် တရက်၌ "ဟေ့" ဟူသော အသံကြားလိုက်၍ နာမည်တစ်ခုလည်း ဖြစ်မနေသောကြောင့် တအံ့တသြနှင့် ရုတ်တရက်လှည့်ကြည့်လိုက်သောအခါ တံခါးဝ၌ ရပ်နေသော သေမင်း ဆိုသူကို တွေ့လိုက်ရသည်။

<မင်းတစေ>

ဆက်ဖတ်ပါရန်...

 

ကြာတော့ကြာခဲ့ပါပြီ။ တစ်ခါတုန်းကပေါ့….

ပြည့်စုံနေတဲ့ ရေခဲသေတ္တာနဲ့ တူတဲ့ ထိုတောအုပ်ကြီးထဲတွင် (ချောကလက်တွေ၊ Juice အသားဘူး၊ ငါးဘူး တွေမရှိပေမဲ့ သဘာဝတရားကပေးတဲ့ သစ်သီးသစ်ဖုတွေ၊ စမ်းရေအေးအေးလေးတွေ၊ တောကောင်၊ ငှက်ကောင်တွေ ပြောပါတယ်) လိုသလိုထုတ်စားနေတဲ့ ရေခဲသေတ္တာပိုင်ရှင် (တရားမ၀င်) မုဆိုးတစ်ယောက် ရှိသတဲ့….

မိုးထဲရေထဲ အီးဗုံးဆွဲ (အဲ) လေးတံဆွဲပြီး အမဲလိုက်တဲ့၊ တွေ့ ရာအကုန်လိုက်တဲ့ မုဆိုး… ဟုတ်တယ်… အဲဒါကျွန်တော့ရဲ့ ဇာတ်လိုက်ကြီး ငလတ်ကျော် ပါပဲ။

သူစံမြန်းရာ မုဆိုးဘုံ မုဆိုးနန်းကို တဆိတ်ဖော်ပြပါအံ့။

ငလတ်ကျော်

HDB (၇) ထပ်လောက် အမြင့်ရှိတဲ့ သစ်ပင်ထီးထီးကြီး(အထီး)ပေါ်မှာ ကျွန်တော့ရဲ့ ဇာတ်ကောင် မောင်ငလတ်ကျော်က ကွန်ပျူတာ ခပ်စုတ်စုတ်တလုံးနှင့် အိစိစိမွေ့ ရာတလုံးကို ပိုင်ပါတယ်။ သူသည် အရက်သောက်သည် (သို့ သော် မသောက်နိုင်)၊ ကာမေသုကို စိတ်မ၀င်စား (သူ့ အပြော)၊ ဖဲကစားသည် (သို့ သော် အမြဲရှုံး)၊ သဘောကောင်းသည် (သို့ သော်ပွစိပွစိ)……

ထူးဆန်းသောမုဆိုး

တောလိုက်တဲ့ မုဆိုး၊ သားကောင်ပစ်တဲ့ မုဆိုးက တစ်ခါတစ်လေ သတ်သတ်လွတ်စားသေး။ ဒီလိုပါ.. သားကောင်မပစ်ပဲ တောထဲ ထောက်ချောက်လျှောက်ဆင်နေတဲ့နေ့ သူသတ်သတ်လွတ်စားသည်။ ကောင်းပါ့…

ထောက်ချောက်မှားမိမဲ့ သားကောင်လေးတွေကို မျက်လုံးထဲ မြင်ပြီး သူဘုံနန်းထဲမှာ သတ်သတ်လွတ်စားနေသည်။ထိုစဉ် အင်အားမည်မျှရှိသည်မသိသော၊ မည်သည့်နေရာကို ဗဟိုပြုသည် မသိသော လေမုန်တိုင်းတစ်ခု (သေချာသည်က သူ့ ဆီကို) တိုက်ခတ်လာသည်။ သူသည် အမဲလိုက်သည်။ ကျားဖမ်းလျှင် ကြောင်မိ၊ ပျားဖွပ် လျှင် ပျားတုပ်ခံရ ဤမျှတော်သောမုဆိုးကျောိ၊ လိုတာမရ ရတာမလို ဖြစ်နေသည်။ မုန်တိုင်းကမည်သို့ မည်ပုံလုပ်လိုက်သည်မသိ မုဆိုးကျော် ငလတ်ကျော်က အတုံးအရုံးဆိုသလို သူ့ စိတ်တွင် ကရောင်ချောက်ခြား၊ မုဆိုးဟူသည် မုဆိုးပင်၊ သားကောင်လိုက်လည်း မုဆိုး၊ အချစ်လိုက် လည်းအချစ်မုဆိုး၊ မယားသေလည်း မုဆိုး၊ သူ ဤမုဆိုးဘ၀တွင်သူ မနေလို၊ ငြီးငွေ့ လာသည်။ စိတ်ပျက်လာသည်။ စိတ်ကုန်လာသည်။ …………………………

……………….။ သူ ရသေ့ဝတ်လိုက်သည်။…..ဒီလိုနှင့်..


သံဃာတော်များအတွက်သာ
(အချစ်ရထားပေါ်မှ သတိပေးစာ)

ရသေ့အနေဖြင့် မည်မျှကြာသည် မသိ သူနေခဲ့သည်။ ကံကြမ္မာ၏ ‘ဂ’ ငယ်ကွေ့ တနေရာမှာတော့ အရင်ကမုဆိုး၊ အခု ရသေ့အတွက် မည်သည့် မည်အခါမှ ကံမကောင်း၍ မရခဲ့သော ထိုင်စရာတစ်နေရာကို အချစ်ရထားကြီးပေါ်တွင် ရလိုက်သည်။ “သံဃာတော်များအတွက်သာ” ဤစာတန်းကို သူမမှု။ ၀င်ထိုင်သည်။ သူက ရသေ့ပဲဟာ။ အချစ်ရထားကို မည်သည့် သံဃာတော်မှ မစီးကြပါ။ ကျွနှ်ပ်၏ ရသေ့ကြီးသာ။

လိုတရ

ဇာတ်လမ်းက အခုမှစသည်ဟု ဆိုနိုင်သည်။ ရသေ့ကြီးတစ်ယောက် “လိုတရ ပေါင်မုန့် မီးကင်စက်ကလေး”(Magic Toaster) တစ်လုံးကို ပိုက်၍ ပြုံးတပျော်ပျော်နှင့် ဖလန်းဖလန်းထ နေသည်။ သူအရမ်းကို စမ်းသပ်ချင်သည်။ သူ၏ လိုတရ ပေါင်မုန့် မီးကင်စက်ကို စမ်းရန် သူပေါင်မုန့် တွေ ၀ယ်လာသည်။

နှင်းဆီနီနီ

ပထမတစ်ချပ်ထည့်လိုက်သည်။ သူ Timer ရဲ့ No.1 ကိုနှိပ်လိုက်သည်။ တီ… တောင်..
ဟော..မီးကင်စက်က ပေါင်မုန့် အစား နှင်းဆီပန်း အနီတစ်ပွင့် ထွက်လာသည်။ ရသေ့ကြီး ပျော်သွားသည်။ ‘ဒါနယ်နယ်ရရ ရိုးရိုးပန်းပွင့်တော့ မဟုတ်တန်ရာ၊ ကောင်မလေးတစ်ယောက်လောက်ရဲ့ အသည်းတွေ နီရဲသွားလောက်အောင် ငါ့ကိုကောင်းကောင်းကြီးခိုက်သွားလောက်မယ့် ပန်းတစ်ပွင့်ပဲဖြစ်ရမယ့်’. သူတစ်ကိုယ်တည်း ရေရွှတ်လိုက်သည်။ မျက်ခွက်ကြီးကလည်း ပြုံးတုံးတုံး ကြီးဖြီးလို့ ။ တကယ်တော့ သူ့ ပန်းပွင့်က NTUC ကပန်းတပွင့်နှင့် မခြား။

သူယောာင်မယ်နှင့်တွေ့ ဆုံခြင်း

သူတောထဲကို ပြန်ထွက်သွားသည်။ တောသဘာဝ ဆူဆူညံညံ ကျိလိကျိလိနှင့်ပေါ့။ လက်ထဲမှာလည်း ပန်းတပွင့်၊ တောထဲက စကားဝါပင်အောက်မှာ သူ “သူယောင်မယ်လေး” တစ်ရောက်တွေ့ လိုက်တယ်ဆိုရင်ပဲ ရသေ့ကြီး ဈန်လျော သူယောင်မယ်ကို နှင်းဆီဆီနီနီလေးသွားပေးလိုက်တယ်…. နောက်တော့.. နောက်တော့….

ပေါက်ကွဲနေပြီ

………………။ “ဘာမှ အသုံးမကျတဲ့ နှင်းဆီ… (လေးဖြူသီချင်းထဲက) မဟုတ်ဘူး .. အသုံးမကျတာက ငါ.. ဒါလည်းဟုတ်ဘူး ဘာမှမဟုတ်တဲ့ပန်းက အသုံးမကျတာ. အဲ ဟုတ်သေးဘူး အဲဒီ သူယောင်မယ် ကိုယ်တိုင်က အသုံးမကျတာ… ဟုတ်တယ် သူအသုံးမကျတာ ဟားဟား အသုံးမကျတဲ့ သူယောင်မယ်..၊ ဦးနှောက်မရှိတဲ့ ကောင်မ….လေး” သူ ဟာသူ ရေရွှတ်ကျေနပ်သွားသည်။

အကြံကောင်းတစ်ချက်

သူပေါင်မုန့် မီးကင်စက်ကို ထုတ်ပြန်သည်။ ပေါင်မုန့် တစ်ချပ်ထည့်ပြန်သည်။ ဘာထုတ်ရင်ကောင်းမလဲ သူ့ ထပ်တလဲလဲ စဉ်းစားသည်။ ဟုတ်တယ်…သူစဉ်းစားရတော့မယ်..သူမှာပေါင်မုန့် တွေနည်းနေပြီ။ သူ ပေါင်မုန့် တွေကို ချိုချဉ်ပြောင်းလိုက်၊ ထောပတ် သုတ်စားလိုက် လုပ်နေတာ ခုဆိုသူ့ မှာပေါင်မုန့် သိပ်မကျန်တော့။

သူနောက်ဆုံး အကြံရသွားတယ်။ ပေါင်မုန့် လေးကို အချစ်ပေါင်မုန့် လို အမည်တပ်ပြီး မီးကင်စက်ထည့်လိုက်တယ်ဆိုရင်ပဲ…………………………..။……….။……………

…………………။ ပေါင်မုန့် လှလှလေး (အဲ) ကောင်မလေး လှလှ တစ်ယောက် မီးကင်စက်ထဲက ပွင့့်် ထွက်လာတယ်။

ထှိုကောင်မလေး ရသေ့ကြီးကိုတွေ့ တယ်ဆိုရင်ပဲ အူကြောင်အူကြားနဲ့ ခြေဦးတည်ရာမယ့် ထွက်ပြေးတော့တယ်။ သူလို ရသေ့ဝတ် မုဆိုးလူထွက်ကို ကောင်မလေးက သူ့ တစ်သက်နှင့် တစ်ကိုယ် မတွေ့ ဖူးဘူးထင်ပါရဲ့။ ရသေ့ကြီးလည်း ဘယ်ရမလဲ။ အူယားဖားယား အသည်းနဲ့  အသန်လိုက်။ သူ့ ပေါင်မုန့် လေးကို ဘယ်လက်လွတ်ခံချင်မလဲ….အပြေးလိုက်.. ဟောဟဲ….ဟောဟဲ

သွားပြီ….. မျက်ခြေပျက်.. လက်လျော့ရတော့မလို………..

နောက်ဆုံး ကျည်ဆံ (အဲ) ပေါင်မုန့် 

…………….။ ရသေ့ကြီးလည်း ဘာမှမတက်နိုင်ဘူး။ သူဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေတယ်။ သူလို ရသေ့ကို ကောင်မလေးက မကြည်ဖြူဘူးကိုး။ သူ သူ့ ရဲ့နောက်ဆုံး ဘေးသားပေါင်မုန့် လေးတစ်ချပ်ကို မီးကင်စက်ထဲထည့်လိုက်တယ် ပြီးတော့ ပါးစပ်ကလဲ ထွက်မပြေးတဲ့ အချစ်ပေါင်မုန့် တဲ့….

………….ဟောထွက်လာပြန်ပြီ။……..
ကောင်မလေးတစ်ယောက်လည်း မဟုတ်ပါဘူး။ အသုံးမကျတဲ့ နှင်းဆီလည်းမဟုတ်ပါဘူး။ ချိုချဉ်လို စုတ်လို့ လည်းမရပါဘူး။ ထောပတ်သုတ်စားလို့ လည်းမရပါဘူး။ ထွက်လာတာက မီးကျွမ်းနေတဲ့ ပေါင်မုန့် တစ်ချပ်ပါ။ …..ရသေ့ကြီးရယ်…..

နောက်ထပ် ဘယ်လိုပေါင်မုန့် တွေပဲ ထည့်ထည် ရသေ့ကြီးရဲ့ လိုတရမီးကင်စက်ကတော့ မီးကျွမ်းနေတဲ့ ပေါင်မုန့် တွေသာ ထုတ်လုပ်နေတယ်…

သြ… မုဆိုးလူထွက် ရသေ့ကြီးရယ်….လိုတရနေတာကို ဘယ်လိုသုံးခဲ့သလဲ…. သူယောင်မယ်လည်း ခုလောက် ဇော်ဂျီနဲ့ ပျော်နေပြီပေါ့။ ပေါင်မုန့် လေးလည်း အဝေးကိုထွက်ပြေး၊ မီးကင်စက်လည်း သုံးမရတော့ပြီ။

……..။သူလည်း သောကတွေ၊ ဒေါသတွေနဲ့ မျက်ရည်တွေ နှာချီးတွေနဲ့ တရှုံရှုံငိုပါတော့တယ်.. အီး ဟီးဟီး… ဟီး…

ဇာတ်သိမ်း

ဇာတ်ဆရာ၊ ကျွန်တော်လည်း ဒီအတိုင်းဘယ်နေနိုင်မလဲ။ ကိုယ်ဇာတ်လိုက်ကြီး ဒုက္ခနဲ့ လှလှတွေ့ ပြီး မျက်ရည်ပင်လယ်ထဲကူးနေတာကို ထွက်ပေါက်(Exit) တစ်ခုပေးလိုက်ပါတယ်။ ဂီတာ(guitar) တစ်လုံးပါ။ ဒါနဲ့ သူ တီးတယ်။ ဆိုတယ်။ ငိုတယ်။ ဆိုတယ်။ တီးတယ်။ ငိုပြန်တယ်။ ကြာတော့ ဇာတ်ဆရာကိုယ်တိုင် နားမခံနိုင်တော့တာနဲ့  Exit ကို တံတား (Bridge) ထိုးပေးလိုက်တယ်။ ကုန်းဆင်းကို ဘီးတက်တဲ့ဇာတ်ဆရာမျိုး မဟုတ်ပါဘူး။ ဟဲ..ဟဲ…မြှားနတ်မောင်ဆီက ငှားထားတဲ့ အချစ်လေးတံနဲ့ လေးကို ရသေ့ကြီးကိုပေးလိုက် တယ်။ ရသေ့ကြီးက အရင်တုန်းက မုဆိုးဆိုတော့ သူ့ အတွက် လေးနဲ့ မြှားဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက “ဒါတွေက ဘာလုပ်ဖို့ လဲ”လို့ မေးပါတယ်။ ကျွန်တော်လည်း ‘ပစ်ဖို’့  လို့ ခပ်ဆတ်ဆတ်ပြောလိုက်တယ် ဆိုရင်ပဲ ရသေ့က ရသေ့ဝတ်ရုံ ကို ချွတ်ပြီး လေးနဲ့ မြှားကို ဆွဲကိုင်ကာ ပေါင်မုန့် နောက်ကို လိုက်ပါတော့တယ်………………..

ဇာတ်လမ်းကို ဤမျှနှင့် ရပ်လိုက်ချင်ပါသောလည်း မုဆိုးတစ်ဖြစ် ရသေ့ကြီး၊ ရသေ့ကြီးတဖြစ် မုဆိုး ငလတ်ကျော် အား အားအားယားယား အားနာသောကြောင့်……

‘ကို………..’
‘………ပေါင် (အ)ဲ မေ’
‘မေလေ ကို့ ရဲ့ မေပေါ့ …’
‘မေလို့  ခေါ်တယ်……’
မေ… အို.. ကို… ဟိဟိ ခွိခွီ


ဟုတ်ကဲ့ အဲဒီလောက်ဆို ဒက်လိုက်တော့…. ကျေနပ်သဘောပေါက်ကြပါအံ့။

မီးကျွမ်းမှုကိုအား မပေးသော
Hydrogen
(ကိုယ်တိုင် မီးလောင်နိုင်သည်)


P.S. အချစ်နှင့် ပေါင်မုန့် (၁) ဟု အမည်တွင်သည်။ (၂) ရှိဦးမည် ထင်ပါသောကြောင့်.
ကောင်လေး

ဆက်ဖတ်ပါရန်...

 

ယောက်ျားတစ်ယောက်ရဲ့ ချစ်ခြင်းဆိုတာ နေရာဒေသတွေမှာ ငါးမျှားတံတစ်ခုနှင့် ငါးမျှားတတ်တဲ့လူတစ်ယောက်လို ပါပဲ။ တံငါသည်လေးဟာ ငါးတစ်ကောင်ကို မိဖို့(အထူးသဖြင့် မျှားဖို့)အတွက် ငါးမျှားချိတ်နှင့် ငါးစာ၊ အချိန်နဲ့ သည်းခံခြင်းဆိုတာတွေကို ရင်းလိုက်တာပါ။ ဒါပေမဲ့ သူရင်းလိုက်တာဟာ သူကိုယ်တိုင် ကောင်းစားဖို့ အထူးသဖြင့်တော့ သူကိုယ်တိုင် ခံစားချင်လို့ကို ရင်းယူလိုက်တာပါ။ တံငါသည်လေးဟာ သူလိုခြင်တဲ့ငါးရဖို့ အတွက်ကို ရေကန်၊ အင်း၊ အိုင်(နေရာဒေသ) ကိုရွေး ချယ်ပြီး သူလိုချင်တဲ့ငါးမျိုးရဖို့အတွက် အရောင်၊ အရွယ်အစား အစရှိသောအချက်အလက်များ(ဂုဏ်ပကာသန၊ အရည်အချင်း စသော)နှင့် ယှဉ်ပြီး ငါးတစ်ကောင်ရဖို့ ကြိုးစားမျှားကြတာများပါတယ်။

ငါးမျှားချိတ်နှင့် ငါးစာကို အချိန်ကုန်ခံ စောင့်ဆိုင်း၊ မလိုချင်တဲ့ငါးမျိုးကျတော့ အဆုံးခံပြီးပြန်လွှတ်ပေးလိုက်ပြီး၊ လိုချင်တဲ့ငါးမျိုးလေးကို စောင့်နေကြတာပါပဲ။ လိုချင်တဲ့ငါးမျိုးလေးများ တွေ့ပြန်တော့လည်း၊ ငါ့ငါးမျှားချိတ်မှာ ချိတ်ထားတဲ့ ငါးစာမှာ လာမှ ဟတ်ပမှာလားဆိုပြီး စိတ်ပူမိသေးတယ်။ (လက်တွေ့ဘ၀မှာကြတော့ ကောင်မလေးတစ်ယောက်ပြန်ချစ်ဖို့ ပိုးကြေးပန်းကြေးတွေပေး၊ အလိုလိုက်၊ အကြိုက်ဆောင် ရင်းနှီးအောင်လုပ်တဲ့ အချိန်တစ်ပိုင်းလေးပေါ့။) အော်..... ငါးလေးက အစာကိုလာဟပ်တဲ့ အချိန် (တနည်းအားဖြင့်၊ ကောင်လေးက ကောင်မလေးကို ချစ်ခွင့်ပန်တဲ့ အချိန်ကာလလေးပေါ့)။ အခုတော့ ငါးကလေးက ငါးမျှားချိတ်မှာ ချိတ်မိနေပြီး။( အော်.... ခုတော့ ကောင်မလေးက ကောင်လေးကို အဖြေပြန်ပေးလိုက်ပြီး ---ချစ်တယ်တဲ့--- ။) ငါးမျှားတဲ့ တံငါသည်လေးကတော့......
သူ့ငါးမျှားချိတ်မှာ သူလိုချင်တဲ့ငါးလေးလာပြီး မိတော့ ပျော်နေတာပေါ့။ (ကျွန်တော်တို့ အတွက်ကတော့ ချစ်သူတစ်ယောက် ရသလိုပေါ့.....)။ အော်.... ခုကျပြန်တော့လည်း... မိထားတဲ့ ငါးလေးပြန်မလွှတ်သွားပဲ ကိုယ့်လက်ထဲ ရောက်အောင်လို့၊ ငါးမျှားတံက ကြိုးလေးကို လျှော့လိုက်၊ တင်းလိုက်နဲ့ ကြိုးစားပြီး လက်ထဲကိုရောက်အောင် ကြိုးစားရတာပေါ့။ (ကောင်လေးကလည်း ကောင်မလေးအကြိုက် ကို လျှော့သင့်တာလျှော့၊ တင်းသင့်တာတင်း လုပ်ပေးနိုင်တာလေးတွေကို စိတ်ရှည်စွာနဲ့ သည်းခံပြီး လုပ်ပေးနေရတဲ့ အချိန်လေးပေါ့....)။

ဒီလိုဒီလိုနဲ့ ငါးကလေးက မောပန်းပြီးမာန်လျှော့လိုက်တဲ့ အချိန်မှာတော့ ငါးမျှားတဲ့ တံငါသည်ရဲ့ လက်အတွင်းကို ရောက်ရှိသွားပြီးလေ.....။(ကောင်မလေးက ကောင်လေးကို ယုံကြည်ပြီး ချစ်ခြင်းဆိုတဲ့ အနှောင်အဖွဲ့က ရစ်ပက်သွားတဲ့ အချိန်.......)။ ငါးမျှားတဲ့ တံငါသည်လေးကတော့ စိတ်ထဲမှာတွေးမှာပဲနော်၊ ငါလိုချင်တဲ့ ငါးကလေးကတော့၊ ငါ့ရဲ့လက်ထဲကိုရောက်လာပြီး ငါလုပ်ချင်သလိုလုပ်လိုတော့ ရပြီး....... အိမ်ကငါးကန်လေးမှာမွေးရင် ကောင်းမလား..... အလှပဲကြည့်နေရင်ကောင်းမလား...... ဒီငါးလေးကို ဆော့ကစားရင်ကောင်းမလားပေါ့........။( ဒီလိုပဲ ကောင်လေးတွေကလည်း ကောင်မလေး ငါ့ဘက်ကိုပါလာပါပြီး........ အခုအချိန်မှာ ငါလုပ်ချင်တာ လုပ်လို့ရပြီလေ........ နောက်ရည်းးစားထားရင်ကောင်းမလား........ ငါပျော်သလို နေလိုရပါတယ်လေပေါ့.....)။ ငါးကလေးခင်ဗျာ သနားပါတယ်နော်....။ အချိန်အပိုင်းအခြားတစ်ခုကြာလာတော့လည်း တံငါသည်လေးက ငါးကလေးကို ရိုးသွားတာပါပဲ။ အဲဒီ အချိန်ကြတော့လည်း ငါးကလေးကို ပြန်လွှတ်ပေးဖို့ စဉ်းစားလာတယ်။ (ကောင်လေးနဲ့ ကောင်မလေး ချစ်နေရတာ ကြာလာတော့လည်း ပျင်းလာတယ်နဲ့တူပါတယ်။ အဆက်အသွယ်လုပ်တာ နဲလာပြီးလေ။)

မကြာခင်မှာပဲ တံငါသည်လေးက ငါးကလေးကို ပြန်လွှတ်ပေးလိုက်တယ်။ ငါးကလေးမှာတော့၊ နေခဲ့ရတဲ့ ငါးအိမ်လေး၊ အဖြည့်ခံဖြစ်မှန်းမသိ သူပျော်ပါစေ ဆိုပြီး ဖြည့်ဆည်းပေးခဲ့ရတဲ့ သံယောစဉ်ကလေးနဲ့အတူ တံငါသည်လေးကို အမှတ်ရစရာတွေနဲ့၊ အတူ ရင်မှာ အမှတ်ရစရာတွေနဲ့၊ ခံစားပြီး မိမိရဲ့နေရာအမှန်ဖြစ်တဲ့ အင်း၊ အိုင်ဆိုတဲ့နေရာကို ပြန်ရောက်ပြီး၊ တံငါသည်လေးကို သတိရလွမ်းဆွတ် ရတာပေါ့။ အော်........ လောကကြီးက တရားလိုက်တာနော်...........။ဒါပေမဲ့ တစ်ခါတစ်လေကြတော့လည်း ငါးကလေးက တံငါသည်လေးကို မရိုးသွားအောင် ဆွဲဆောင်နိုင်တာမျိုးလည်းရှိပါတယ်။ အဲဒီလိုမျိုးကြတော့လည်း တံငါသည်ကလေးခင်ဗျာ၊ ငါးကလေးကို ဆုံးရှုံးရမှာကို အတော်ကြောက်တတ်လာတယ်။ (ကောင်လေးကတော့ ကောင်မလေးကို တကယ့် အချစ်စစ်နှင့်၊ ချစ်တက်သွားတဲ့ အချိန်လေးပေါ့ဗျာ......)။

နောက်ဆုံးတော့လည်း....... တံငါသည်လေး သံယောစဉ်ရှိတဲ့ ငါးကလေးဟာ အညှီနံတွေ အထပ်ထပ်ဖုံးအုပ်ထားတဲ့ ငါးမျိုးမဟုတ်ပဲ သဘာဝအတိုင်း ရေထဲမှာ ကူးခက်နေတဲ့ ရိုးရှင်း၊ လှပတဲ့ ငါးကလေးတစ်ကောင်မျှသာ......။

(ကျွန်တော် ဒီပိုစ့်လ်လေးကို ရေးခဲ့တာဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ့ ရည်စူးပြီးရေးသားခြင်း မဟုတ်ပါဟု ရိုးသားစွာ ၀န်ခံပါသည်။ ဒီစာကို ကျွန်တော့်အနားယူနေစဉ် စိတ်ထဲရောက်လာလို့ ချရေးလိုက်တာဖြစ်ပါသည်။)



ဝိညာဉ်စေတမာန်

ဆက်ဖတ်ပါရန်...

 

အချစ်မရှိတော့တဲ့နောက်
ငါ....
သတိရ လွမ်းဆွတ်မှုတွေ အပြည့်နှင့်
ဘ၀ကို ခရီးဆက်။
ခံစားချက်တွေကို မျိုသိပ်
အရာရာကို စွန့် ပယ်။
စိတ်အလိုကိုလိုက်
လမ်းထင်သည်ကို လျှောက်။
ဧဒင်ဥယျာဉ်ကို အရောက်မှာ...
ချစ်ပန်းသီးကို ရှောင်ဖယ်...
မာယာသစ်သီးကို မစား။
ှဆက်လျှောက်ရင်းနဲ့ 
ငါတွေ့ တယ်...
ဆေးတလုံး
လူနာတယောက် မဟုတ်သော်ငြား
ဆေးလုံးကို ငါကောက်
ဆရာဝန်တယောက် မဟုတ်သော်ငြား
ဆေးလုံးကို စမ်းစစ်
ဒါ အတိတ်ကိုမေ့ပစ်စေနိုင်သော...ဆေးတလုံး
ဒါပေမယ့် ငါ...
တချို့ သော အတိတ်ရဲ့ အချိန်ကာလ( အချို့ )ကိုသာ မေ့ပစ်ချင်သည်။


ဆက်ဖတ်ပါရန်...